ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

14 NOV

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ရန်ကုန်တိုင်း ဒေသကြီး၌ ကျင်းပသည့် တိုင်းရင်းသားများ၏ လေ့လာရေးခရီးစဉ်နှင့် နှစ်သစ်ကူးကောက်သစ် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်

  • ရန်ကုန်
  • 14 November 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများအချင်းချင်း ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ အပြန်အလှန်သိရှိနားလည်ပြီး ပိုမိုချစ်ကြည်စည်းလုံးလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီးအခြေစိုက် တိုင်းရင်းသားများ၏ လေ့လာရေးခရီးစဉ်နှင့် နှစ်သစ်ကူးကောက်သစ် ညစာစားပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လေ့လာရေးခရီးစဉ် သွားကြမည့် ရန်ကုန်တိုင်း ဒေသကြီးအခြေစိုက် တိုင်းရင်းသားလူငယ်မောင်မယ်များအား ယနေ့နံနက်ပိုင်းတွင် စုရပ်၌ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးတို့က ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပါသည်။

ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် တိုင်းရင်းသားလူငယ်မောင်မယ်များသည် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမျှော်ကြည်ညိုပြီး အာကာသပြတိုက်၊ အမျိုးသား ပြတိုက်နှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ သွားရောက်လေ့လာခဲ့ကြပြီး တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်နှီးနှောခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ညနေပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ နှစ်သစ်ကူးကောက်သစ်ညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်ကြပါသည်။

ဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကိုအလေးပြုကြပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ဂုဏ်ပြုအမှာစကားပြောကြား ရာတွင် ယခုလိုပွဲမျိုး ကျင်းပဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ အနေဖြင့် မိမိတို့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ဖော်ထုတ်ခွင့်ရသလို အခြား တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများကိုလည်း လေ့လာသိရှိနိုင်မည်ဖြစ်ပြီး ပြည်ထောင်စု စိတ်ဓာတ်ပိုမိုခိုင်မာလာစေပြီး တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုရရှိ လာမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်အတွက် အလွန်အရေးပါသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တည်ဆောက်ရာတွင် တိုင်းရင်းသား သွေးချင်းညီနောင်များအားလုံး လက်တွဲတည်ဆောက်မှသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယခု နှီးနှောဖလှယ်ပွဲမှ ရရှိလာမည့် ချစ်ကြည်ရင်းနှီးမှုများကို အခြေခံပြီး နိုင်ငံတော်က ဆောင်ရွက် နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တိုင်းပြည်စည်ပင်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး စသည့်လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းရင်းသားများ၏လေ့လာရေးခရီးစဉ်နှင့် နှစ်သစ်ကူး ကောက်သစ်ညစာစားပွဲ အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြပါသည်။

ယင်းနောက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တို့မှ တိုင်းရင်းသား/တိုင်းရင်းသူ များက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။