ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

28 AUG

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

  • တနင်္သာရီတိုင်းဒေသကြီး
  • 28 August 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၂၈ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ထားဝယ်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစကား၊ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပပျောက်ရေးသည် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုအသီးသီးတွင် ကိုယ်စီတာဝန်ရှိပါကြောင်း၊  တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲမူလလက်ရာကိုမထိခိုက်စေရန် အထူးသတိပြုဆောင်ရွက်ကြရန်နှင့် စည်းမျဉ်းများ းသတ်မှတ်ထားကြရန် မှာကြားလိုပါကြောင်း၊ လူနည်းစုတိုင်းရင်းသားများ၏ လူမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ တိကျမှန်ကန်စွာ ပြုစုထိန်းသိမ်းထားကြရန် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ခရိုင်ရုံးခွဲများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများကို တိုးချဲ့ဖွင့်လှစ်ရေးကိုလည်း နိုင်ငံတော်က “မူ”အားဖြင့် ခွင့်ပြုပြီးဖြစ်သဖြင့် ခရိုင်ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းပြည်အေးချမ်းသာယာရေးအတွက် တိုင်းရင်းသားစည်လုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးသည့်အတွက် တိုင်းရင်းသားလူမျိုးအချင်းချင်း အမုန်းပွားစေသည့် လူမျိုးစွဲ၊ ဒေသစွဲ စိတ်ထားများရှောင်ရှားကြရန်နှင့် အတ္တစိတ်များ မထားရှိကြရန်လိုပါကြောင်း၊ မိမိတို့၏တိုင်းရင်းသားဒေသများတွင် ကြုံတွေ့နေရသည့်အခက်အခဲများ ဖြေရှင်းနိုင်သည့် နည်းလမ်းများကို ပွင့်လင်းစွာတင်ပြဆွေးနွေးပေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၏ တင်ပြသည့်အချက်များကို သေချာစွာ မှတ်သားပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာက တွေ့ဆုံအမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုနှင့် လွှတ်တော်လမ်းကြောင်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။

ယင်းနောက် မွန်၊ ကရင်၊ ထားဝယ်နှင့် မော်ကယ်(ဆလုံ) တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက တိုင်းရင်းသားဘာသာစာပေသင်ဆရာ/ဆရာမများ၏ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေး၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် တိုင်းရင်းသားစာယဉ်အဖွဲ့တို့၏ အခက်အခဲများကို ဖြေရှင်းပေးရေး၊ နိုင်ငံသားစိစစ်ရေး ကတ်တွင် တိုင်းရင်းသားလူမျိုးအမည် မှားယွင်းဖေါ်ပြထားမှုများကို ပြင်ဆင်ခွင့်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးနိုင်ရေး၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမိုထိရောက်စွာဆောင်ရွက် နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ခရိုင်ရုံးခွဲများ ဖွင့်လှစ်ပေးနိုင်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် တိုင်းရင်းသားလုပ်ငန်းရှင်များ အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေရန်အတွက် အားပေးကူညီဆောင်ရွက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအား တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ် များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။