တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ
- ကရင်ပြည်နယ်
- 29 August 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ပုလဲဧကရီခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူ များနှင့် ကရင်တိုင်းရင်းသား တိုင်းရင်းသူများ တက်ရောက်ကြပါသည်။
ဦးစွာ ထားဝယ်မြို့၊ ချမ်းသာကြီးကျောင်းတိုက်ဆရာတော်၊ မြလင်းအေးဘေးမဲ့တောရ ဆရာတော်၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးတို့က ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အခမ်းအနားတက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းဖြင့် အလေးပြုကြပြီး ကရင်အမျိုးသားသီချင်းဖြင့်ဂုဏ်ပြုကာ ချမ်းသာကြီးကျောင်းတိုက် ဆရာတော်၊ မြလင်းအေးဘေးမဲ့ တောရဆရာတော်၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောမာတင်လူသာ၊ နော်မေးဒြက်နှင့် ဖာသာဂျိုးဇက်သိန်းခင်တို့က အခမ်းအနားကို ဖားစည်တီး၍ဖွင့်လှစ်ခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာသက္ကရာဇ် ဝါခေါင်လဆန်း ၁ ရက်နေ့မှစတင်ပြီး ဝါခေါင်လပြည့်နေ့အထိ ကျင်းပလေ့ ရှိသည့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာသည် ကရင်တိုင်းရင်းသား ဘိုးဘွားများ၏ အစဉ်အလာမပျက် လက်ဆင့်ကမ်း ကျင်းပခဲ့ကြသည့် ရိုးရာအမွေအနှစ်တစ်ခုဖြစ်ပါကြောင်း၊ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပခြင်းဖြင့် မကောင်းသည့် ဖြစ်ပျက်မှု၊ ဖြစ်စဉ်၊ အကြောင်းအရာများ ပျောက်ပျက်ပြီး ကောင်းမွန်သည့် မင်္ဂလာတရားများ မိမိတို့ထံသို့ သက်ဝင်ရောက်ရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ကြသည့် ပွဲတော်လည်းဖြစ်ပါကြောင်း၊ အခမ်းအနားတွင် အသုံးပြုသည့် ပစ္စည်း ၇ မျိုးဖြစ်သော ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သော ရေနှင့် ကြံပိုင်းတို့သည် မိသားစု၏ စည်းလုံးညီညွတ်ခြင်း၊ အေးချမ်းသာယာခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်းနှင့် ကောင်းမွန်သော မင်္ဂလာတရားများ သက်ဝင်စေခြင်း စသည့် အနက်အဓိပ္ပာယ်များအသီးသီး ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဤအခြင်းအရာ များကို ကြည့်ခြင်းအားဖြင့် ကရင်တိုင်းရင်းသားများ၏ စနစ်တကျ စုပေါင်းညီညာ ဆောင်ရွက်တတ်မှု၊ လက်ဆင့်ကမ်းအမွေအနှစ်များကို လွှဲပြောင်းပေးအပ်ခံယူတတ်မှုနှင့် ရိုးရာယဉ်ကျေးမှုများကို စနစ်တကျထိန်းသိမ်းဆောင်ရွက်တတ်မှုများကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်သည် မိသားစုများအားလုံး စည်းစည်းလုံးလုံးဖြင့် ပြန်လည်တွေ့ဆုံကြပြီး လက်ရည်တပြင်တည်းဖြစ်ခြင်း၊ နွေးနွေးထွေးထွေးဖြင့် ချစ်ကြည်ရင်းနှီးစည်းလုံးမှုများတိုးပွားစေခြင်းနှင့် ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းခြင်းတို့ကို ထုတ်ဖော်ဆောင်ရွက်ကြသည့် ထူးမြတ် သော မင်္ဂလာအခမ်းအနားလည်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခမ်းအနားကို ကရင်ဘိုးဘွား များက လူငယ်မောင်မယ်များသို့ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ပြီး အစဉ်အလာနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်သွားစေလိုပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးသဖြင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ရပ်ရွာအကျိုး၊ ဒေသအကျိုးနှင့် ပြည်ထောင်စုနိုင်ငံတော်အကျိုးကို ဆထက်ထမ်းပိုး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက အမှာစကား ပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နှစ်စဉ် တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်အခမ်းအနားများ၊ ရိုးရာဓလေ့ပွဲတော်များ၊ တိုင်းရင်းသားလူငယ်စကားဝိုင်းနှင့် ယဉ်ကျေးမှုအကသင်တန်းများ၊ တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများအား ထောက်ပံ့ပေးခြင်းများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံအားကစားပြိုင်ပွဲ အားကစားပြိုင်ပွဲအတွက် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ ကျင်းပသည့် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားသည် ကရင်တိုင်းရင်းသား များ၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်း တတ်သောလူမျိုးအဖြစ် တည်တံ့စေရန်နှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်၊ မျိုးဆက်သစ်လူငယ်များ မိမိတို့ရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်းထိန်းသိမ်း တတ်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြီး အနှစ်သာရရှိသည့်ပွဲတော်ဖြစ်ပါကြောင်း၊ ယခုလို အနက်အဓိပ္ပါယ်ပြည့်စုံသည့် ရိုးရာဓလေ့ပွဲတော်များကို အစဉ်အလာမပျက် လူငယ်များအား လက်ဆင့်ကမ်း ထိန်းသိမ်းကြစေရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပသည့် သမိုင်း ကြောင်းနှင့်စပ်လျဉ်း၍ ကရင်တိုင်းရင်းသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ထားဝယ်ပညာရေး ဒီဂရီကောလိပ်နှင့် ထားဝယ်တက္ကသိုလ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့မှ ကရင်ရိုးရာ ဒုံးအကဖြင့်လည်းကောင်း၊ Azalea Stars အကအဖွဲ့မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက အလှများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ပြီး တနင်္သာရီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဦးစောအောင်ထွဋ်က ကျေးဇူးတင်စကားပြောကြားပါသည်။
ဆက်လက်ပြီး ကရင်ရိုးရာဝါခေါင်လ လက်ချည်ပွဲစတင်ရန် ကရင်ဘိုးဘွားများနှင့် ကရင်လူငယ်မောင်မယ်များက လက်ချည်ပွဲအသုံးအဆောင် ၇ မျိုးပါသည့် စကောများသယ်ဆောင်လာ၍ နေရာယူပြီး ကရင်ဘိုးဘွားများက ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အခမ်းအနား တက်ရောက်လာကြသူများအား ချည်ဖြူဖွဲ့ပေးကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧည့်သည်တော်များနှင့် အားကစားကို ချစ်ခင်မြတ်နိုးသည့် ဒေသခံပြည်သူများသည် ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား အထိမ်းအမှတ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို သွားရောက်ကြည့်ရှု အားပေးပြီး ပြိုင်ပွဲယှဉ်ပြိုင် ထိုးသတ်ကြသည့် အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။