တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး
- ရန်ကုန်
- 13 November 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား သွားရောက် ကြည့်ရှုစစ်ဆေးပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ပြည်ထောင်စုခန်းမဆောင်ပြုပြင်မွမ်းမံမှု၊ ခေတ်မီသန့်စင်ခန်း တည်ဆောက်နေမှုနှင့် ဝန်ထမ်းအိမ်ရာဝန်းအတွင်း RC (၄) ခန်းတွဲ (၂) ထပ်ဆောင် ဝန်ထမ်း အိမ်ရာတည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် တည်ဆောက် ရန်နှင့် တာဝန်ရှိသူ အဆင့်ဆင့်မှလည်း အနီးကပ်ကြီးကြပ်ကွပ်ကဲရန် မှာကြားပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားရိုးရာနေအိမ်များ အကြီးစားပြုပြင်မွမ်းမံမှုများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ကျေးရွာအတွင်း လာရောက်လေ့လာအပန်းဖြေကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားပါသည်။
ယင်းနောက် အိန္ဒိယနိုင်ငံ၏အကူအညီဖြင့် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက် (Quick Impact Project – QIP) ဖြင့် ဆောင်ရွက်မည့် အင်းလေးကန်အတွင်းပတ်လမ်း ကွန်ကရစ်လမ်းခင်းရန်နေရာသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့ ညောင်သုံးပင် ဝန်ထမ်း အိမ်ရာသို့ သွားရောက်ပြီး ဝန်ထမ်းအိမ်ရာ အကြီးစားပြုပြင်မွမ်းမံ လုပ်ငန်းဆောင်ရွက်နေမှု များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းမိသားစုများ အဆင့်အတန်းရှိရှိ နေထိုင်နိုင်ရန်အတွက် တာဝန်ရှိသူများက ဝန်ထမ်းများ၏အခက်အခဲများနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ကြရန် မှာကြားပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ပြီး ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။