ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

30 SEP

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းအတွက် ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနားကျင်းပ

  • တောင်ကြီး
  • 30 September 2026

          တိုင်းရင်းသားလူမျိုးစုများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ ထုံးတမ်းများ ပိုမိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ လိုအပ်သည့် ပံ့ပိုးကူညီမှုများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များသို့ ရန်ပုံငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြပါသည်။

          ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)မှာရှိသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့ (၁၁)ဖွဲ့ ကို တိုင်းရင်းသားများ၏ စာပေထွန်းကားရေး၊ ရိုးရာတူရိယာများ၊ အသုံးအဆောင်များ ဝယ်ယူ စုဆောင်းနိုင်ရေး၊ ရိုးရာအထည်ချုပ်သင်တန်းများ ဖွင့်လှစ်နိုင်ရေးစသည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် သိန်း လေးရာငါးဆယ်တိတိကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ရန်ပုံငွေများ ပေးအပ် ရာတွင် မိမိတို့တိုင်းရင်းသားများအတွက် အမှန်တကယ် အကျိုးသက်ရောက်မှုရှိမည့် တိုင်းရင်းသားရေးရာနှင့်သက်ဆိုင်သည့်ကိစ္စရပ်များတွင် အကျိုးရှိရှိ အသုံးပြုကြရန်  မှာကြား လိုပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး၍လည်း ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများအား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက် သွားကြ မည်ဆိုပါက လိုအပ်သည့်ပံ့ပိုးကူညီမှုများကိုပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောကြား ရာတွင် မိမိတို့ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများလည်း စုံလင်လှသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအနေဖြင့် စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ မတူညီသော်လည်း အချင်းချင်းစည်းလုံး ညီညွတ်မှု၊ အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်လေးစားမှုနဲ့ရိုင်းပင်းကူညီမှုရှိဖို့ အလွန်လိုအပ်ပါ ကြောင်း၊ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (၁၁)ဖွဲ့သို့ ရန်ပုံငွေများပေးအပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များသို့လည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ကချင်၊ ကိုးကန့်၊ ထနော့၊ လီဆူ၊ ယင်းကြားနှင့် ယင်းနက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့ (၁၁)ဖွဲ့ထံသို့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များကိုယ်စား တိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။