တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် တနင်္သာရီ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့်တွေ့ဆုံ၊ တိုင်းရင်းသားရေးရာစင်တာအား သွားရောက်ကြည့်ရှုစစ်ဆေး
- တနင်္သာရီတိုင်းဒေသကြီး
- 30 August 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ (၃၀) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ် သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းမည်ဖြစ်ပြီး နိုင်ငံတော်ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးသတိရှိရန်လိုအပ်ပြီး ရုံးလုပ်ငန်းတာဝန်ထမ်း ဆောင်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းတင်ပြဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆောင်ရွက်ရသည့်အတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် အမြဲတွေ့ဆုံထိတွေ့ရန်လိုကြောင်း ပြောကြားပါသည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွား မည့်လုပ်ငန်းများကို ရှင်လင်းတင်ပြီး ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် တိုင်းရင်းသားရေးရာစင်တာအား သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားရေးရာ စင်တာများကို ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက် တို့ဖြင့် တည်ဆောက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားရေးရာစင်တာတွင် တိုင်းရင်းသားများ အတွက် အကျိုးရှိရှိအသုံးပြုရန်လိုပါကြောင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ဘာသာစာပေသင်တန်းများနှင့် ရိုးရာယဉ်ကျေးမှုအကသင်တန်း စသည်များကို စီမံချက် ရေးဆွဲဖွင့်လှစ်စေလိုပါကြောင်း မှာကြားပြီး ဒေသခံတိုင်းရင်းသားလူငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။