တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး
- ရှမ်းပြည်နယ်
- 08 May 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အင်းသား တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိ သူများလိုက်ပါလျက် မေလ (၈) ရက်နေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်နှင့်အညီ ရက် (၁၀၀)စီမံချက်ဖြင့် ဒေသခံတိုင်းရင်းသားများအား အသက်မွေး ဝမ်းကျောင်းပညာအဖြစ် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ကွန်ပျူတာသင်တန်း ၂ / ၂၀၂၆ ကွန်ပျူတာသင်တန်း စာတွေ့/လက်တွေ့ သင်ကြားပို့ချနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းသူ/သားများအား အားပေးစကားပြောကြားပါသည်။ ဆက်လက်ပြီး သင်တန်းစင်တာ ပင်မလေးထပ်အဆောက်အဦအတွင်း ၂၀၂၅ ခုနှစ် မန္တလေးငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ သင်တန်းသူ/သား အိပ်ဆောင်များ၊ သင်တန်းခန်းမဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသူ/သား များ၏ ထမင်းစား ခန်းမဆောင်နှင့် အလုပ်ရုံအဆောင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်း လတ်ဆတ်သော အစားအသောက်များဖြစ်စေရေး တာဝန်ရှိသူများက အထူးဂရုပြု ကြီးကြပ် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းစင်တာခန်းမဆောင်အတွင်း ဝန်ထမ်းများ သင်တန်းသူ/သားများနှင့် တွေ့ဆုံပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းစင်တာ လုပ်ငန်းဆောင်ရွက် နေမှုများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သွားမည့်သင်တန်းများနှင့်စပ်လျဉ်းပြီး Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံ အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အတွက် ဘဏ္ဍာရှာဖွေပေးသည့်ဌာနမဟုတ်သကဲ့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရသည့်ဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ သင်တန်းစင်တာအနေဖြင့် ဒေသခံ တိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်အတွက် ဒေသနှင့် သင့်လျော်သည့် သင်တန်းများဖွင့်လှစ်ပေးပြီး ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရန်လိုပါကြောင်း၊ ဒေသခံလူငယ်များအား သင်တန်းများဖွင့်လှစ်ပေး ခြင်းသည် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းမှ နိုင်ငံတော်အေးချမ်းမည်ဖြစ်ပြီး နိုင်ငံတော်ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မိမိတို့ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက ဝန်ထမ်းများနှင့် သင်တန်းသူ/သားများအား တွေ့ဆုံအားပေးစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ဌာနက ပေးအပ်သည့် တာဝန်များကို စေတနာထား ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသူ/သားများအနေဖြင့်လည်း သင်တန်းကာလအတွင်း စာတွေ့/လက်တွေ့ပိုချမှု များအား သေချာလေ့လာမှတ်သားသင်ယူပြီး အကျိုးရှိရှိပြန်လည်အသုံးချတတ်ရန် လိုပါကြောင်း၊ လူငယ်များသည် နောင်အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်များပင်ဖြစ်သည့် အတွက် အစဉ်တစိုက် ကြိုးစားသင်ယူသွားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ခဲ့ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပါသည်။ ယင်းနောက် အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။
၎င်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ခံတို့က နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။