ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

09 MAY

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

  • တောင်ကြီး
  • 09 May 2026

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်၊ ကယန်း၊ ဗမာ၊ လီဆူနှင့် အင်းသား တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၉) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။

          ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်နှင့်အညီ ရက် (၁၀၀) စီမံချက်ဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေပါ အသင်းအဖွဲ့ မတည်ငွေထားရှိ ရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု များကို အဆင့်မြှင့်တင်ဖော်ထုတ်ရာတွင် ရှိရင်းစွဲမူလလက်ရာကိုမထိခိုက်စေဘဲ အထူးသတိပြု ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့် လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံးများက ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း များနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထား မှတ်ချက်များ ပြန်ကြားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ မိမိတို့၏ ကြုံတွေ့ နေရသည့်အခက်အခဲများကို ပွင့်လင်းစွာတင်ပြစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက တွေ့ဆုံဆွေးနွေးပြောကြားရာတွင် ရှမ်းပြည်နယ်သည် အလွန်ကျယ်ပြန့်သည့်အတွက် တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရုံးခွဲ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရုံးခွဲနှင့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများတွင် လည်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရုံးများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသတွင် Documentary Video များ ရိုက်ကူးဆောင်ရွက်ရာတွင် အခြားတိုင်းရင်းသားလူမျိုးများကို ထိခိုက်စေမည့် အကြောင်းအရာများ ရှောင်ရှားရန်နှင့် ဦးစီးဌာနဝန်ထမ်းများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များကလည်း သေချာစိစစ်ဆောင်ရွက်ရန် မှာကြားလိုပါကြောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် မိမိတို့ လူမျိုး၊ အဖွဲ့အစည်းများ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ ပါသည်။

          ၎င်းနောက် ကချင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးကိန်မိုင်၊ ကယန်း(ခ) ပဒေါင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်၊ လီဆူ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင်နှင့် အင်းသား တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ တို့က တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြပါသည်။

          ယင်းနောက် ရှမ်း၊ ၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ကချင်၊ လီဆူ၊ ကိုးကန့်နှင့် ထနော့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအား အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ချီးမြှင့်ငွေများပေးအပ် ခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။