တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
- နေပြည်တော်
- 11 March 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဥတ္တရသီရိမြို့နယ်၊ မသိမ်ကျေးရွာ၊ ကျောင်းသစ်ကျောင်းမှ ဦးစီးပဓာနနာယကဆရာတော်ကြီး ဦးဘောဘဏထံမှဧည့်ပရိတ်သတ်များက (၅) ပါးသီလခံယူဆောက်တည်ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် များထံ နဝကမ္မအလှူတော်ငွေနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် သာဓုအနုမောဒနာ ခေါ်ဆိုကာ “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ဆက်လက်၍ (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ရာတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး (၃၀-၃-၂၀၂၆) ရက်နေ့တွင် (၁၀)နှစ်ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်၊ မူဝါဒ၊ ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များကို စဉ်ဆက်မပြတ် ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စရပ်များကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ တိုင်းရင်းသားဘာသာစာပေသင်ကြားသည့် ဆရာ၊ ဆရာများ နှစ်စဉ် တိုးမြှင့်ခန့်ထားပြီး ခေတ်ကာလနှင့်လျော်ညီသည့် နှုန်းထားများဖြင့် ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှီးနွယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တိုင်းရင်းသားဘာသာပြန်ဆိုသည့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းရင်းသားများ၏ လူနေမှုဘဝ၊ ပွဲတော်များ၊ ရိုးရာအစားအစာ ချက်ပြုတ်နည်းအစီအစဉ်များကို Documentary ရိုက်ကူးခြင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးတွေ့ဆုံ၍ အမြင်ချင်းဖလှယ် နိုင်ရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန် လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ခြင်း၊ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာဖွင့်လှစ်၍ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖွင့်လှစ်ခြင်း၊ သက်သာချောင်ချိရေး အတွက် လစဉ်ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ်များနှင့် တည်ဆဲဥပဒေများကို လိုက်နာရန် လိုအပ်ပြီး မိမိတို့၏စွမ်းဆောင်ရည်များ မြင့်မားလာစေရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခု (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိမိတို့ဝန်ကြီးဌာန၊ တိုင်းရင်းသားပြည်သူများအားလုံးနှင့် နိုင်ငံတော်အတွက် ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျေးဇူတင်ဂုဏ်ပြုစကားပြောကြားပါသည်။
ယင်းနောက် ဝန်ထမ်းများက တိုင်းရင်းသားရိုးရာအဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေ ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို လက်ရည်တပြင်တည်း အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။