ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

01 MAY

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ

  • ရန်ကုန်
  • 01 May 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းနှင့်အတူ မေလ ၁ ရက်နေ့ နံနက်ပိုင်း၌ ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)နှင့် နေ့လယ်ပိုင်း၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများသို့ သွားရောက်၍ တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် မိမိတို့ ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင် ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင် ရွက်သွားရန် လိုအပ်ပါကြောင်း၊ရက်ပေါင်း(၁၀၀)အတွင်း ဆောင်ရွက် သွားမည့် လုပ်ငန်းဆောင်ရွက်ချက်များကို အလေးထား လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံးစွဲကြရန်၊ ရုံးနှင့်တိုင်းရင်းသား ရိုးရာအိမ်များ၏ ဥပဓိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာ ကြိုးစား ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းရင်းသား ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ တာဝန်ယူကြီးကြပ်သူ ညွှန်ကြားရေးမှူးက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာရှိ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရက်ပေါင်း (၁၀ဝ)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသား ရိုးရာအိမ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ် ဆေး ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အကြီးစားပြုပြင်မွမ်းမံရန် လိုအပ်လျက် ရှိသည့် သန်လျင်မြို့နယ် ၊ အမှုထမ်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ ပြုပြင်မွမ်းမံနိုင်ရေးလုပ်ငန်းများ အမြန်အကောင်အထည်ဖော်ဆောင်ရွက် သွားရန် မှာကြားခဲ့ပါသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တိုင်းရင်းသားရေးရာကိစ္စရပ်များဆောင်ရွက်ရာတွင် ဆန်းသစ်တီထွင်မှုသည် ရိုးရာကို မကျော်လွန် စေရေးအတွက် လွန်စွာအရေးကြီးပါသဖြင့် အထူးသတိပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ ရက်(၁၀၀) ကာလအတွင်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးသင်တန်းများ  ရိုးရာယဉ်ကျေးမှုပွဲတော် အခမ်းအနားများ၊ တိုင်း ရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲများ၊ လေ့လာရေး ခရီးစဉ်များ၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲများ၊ တိုင်းရင်းသားဒေသများအရောက် ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကြောင်း သင်တန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ရက်ပေါင်း(၁၀၀)အတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးရုံးဝန်းရှိ ခြံစည်းရိုးအဟောင်း ဖြိုဖျက်၍ ခြံစည်းရိုးအသစ်ဆောင်ရွက်မည့်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။