တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် မွန်ရိုးရာဝတ်စုံချုပ်လုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်
- ရန်ကုန်မြို့
- 01 August 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ မွန်ပိဋကတ်တိုက်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)တို့ ပူးပေါင်းဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံချုပ်လုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး မျိုးနွယ်စုပေါင်းများစွာရှိသည့်အလျောက် မျိုးနွယ်စု တစ်ခုချင်းစီတိုင်းတွင် ကိုယ်စီ အလှတရားများ၊ အနုပညာများထင်ဟတ်စေသည့် ရိုးရာဝတ်စုံ များစွာ ရှိကြပါကြောင်း၊ မွန်ရိုးရာဝတ်စုံသည် ရှေးမင်းဧကရာဇ်ခေတ်များကတည်းက ဝတ်စား ဆင်ယင်မှုအမျိုးမျိုးရှိခဲ့ကြပြီး ခေတ်ကာလအရ တညီတညွတ်တည်းဝတ်စားဆင်ယင်နိုင်ရန် အတွက် ၁၉၇၁ ခုနှစ်တွင် မွန်ရဟန်းသံဃာတော်များ၊ မွန်လူကြီးများ၊ အသိပညာရှင်/ အတတ်ပညာရှင်များနှင့် တက္ကသိုလ်ပေါင်းစုံမှ မွန်ကျောင်းသား/ကျောင်းသူများစုပေါင်း၍ ကော်မတီဖွဲ့စည်းကာ အချက်အလက်များလေ့လာစုစည်းပြီး တူညီစွာဝတ်ဆင်နိုင်မည့် ယခုမွန်ရိုးရာဝတ်စုံကို အဓိပ္ပါယ်အနှစ်သာရများစွာဖြင့် အတည်ပြုသတ်မှတ်နိုင်ခဲ့ကြပါ ကြောင်း၊ ယခုလို အနှစ်သာရများပြည့်ဝသည့် မွန်ရိုးရာဝတ်စုံကို ခေတ်ကာလပြောင်းလဲ တိုးတက်လာသည်နှင့်အမျှ ဆန်းသစ်တီထွင်မှုများကြောင့် အရိုးပေါ် အရွက်ဖုံးကာ မူလရိုးရာမပပျောက်စေရန် ထိန်းသိမ်းကြဖို့ လွန်စွာအရေးကြီးပါကြောင်း၊ ဒါကြောင့် ယခုဖွင့်လှစ်သည့်သင်တန်းသည် အလွန်အဖိုးတန်သော သင်တန်းတစ်ခုပင်ဖြစ်ပါကြောင်း၊ မိမိတို့ရိုးရာဝတ်စုံများ ချုပ်လုပ်နည်းကို စနစ်တကျသင်ယူကြပြီး မိမိတို့ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်များကို လက်တွေ့ကျကျ ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းမှာကြားလို ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးက အမှာစကားပြောကြားပြီး မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။
ယင်းနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စု ဝန်ကြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များပေးအပ်ပါသည်။
ထို့နောက် မွန်တိုင်းရင်းသားမောင်မယ်များက မွန်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကဖြင့် ကပြဖျော်ဖြေပြီး သင်တန်းသား/သင်တန်းသူများ ချုပ်လုပ်ထားသော မွန်ရိုးရာ ဝတ်စုံများအား ကြည့်ရှုအားပေးကြပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းရုံးချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးနှင့် အထူးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့် မည်သည့်ကဏ္ဍကိုမဆို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အတူတကွ လက်တွဲဆောင်ရွက်ကြရန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသားဒေသအသီးသီးမှ လုပ်ငန်းရှင် များသည် မတူကွဲပြားသည့် အရင်းအမြစ်များ၊ အရည်အသွေးများ ပိုင်ဆိုင်ထားကြပါကြောင်း၊ ထိုကွဲပြားခြားနားချက်များကို အားသာချက်အဖြစ်ပြောင်းလဲပြီး တစ်မျိုးသားလုံး၏ ဘုံအကျိုး စီးပွားအဖြစ် ပြည့်ပြီးသူကိုကူညီ၊ အားနည်းသူကို လက်တွဲကူညီပေးခြင်းဖြင့် သာယာ ဝပြောသော ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် အမြန်ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှ ဒေသခံတိုင်းရင်းသားလူငယ်များအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုစီးပွားဘဝမြင့်မား စေရန်အတွက် အစဉ်တစိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြား ခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဒေဝ တို့က အသီးသီး နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဒေါ်ချောစုဝင်းက အသင်း အလုပ်အမှုဆောင်အဖွဲ့၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဆုရရှိ ကြသူများကို ဂုဏ်ပြု Trophy များပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်တို့က နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးကြပါသည်။
ထို့နောက် တိုင်းရင်းယဉ်ကျေးမှုအကအလှများနှင့် ဆီမီးခွက်အကတို့ဖြင့် တင်ဆက် ကပြဖျော်ဖြေပြီး စုပေါင်းမှတ်တမ်းတင်များရိုက်ကူးကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။