ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

10 JUN

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

  • နေပြည်တော်
  • 10 June 2026

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လီဆူ၊ ကယန်း၊ ကရင်ဖြူ၊ လိုင်ချင်း၊ အရှိုချင်း၊ ဒါးရင်ဒူး၊ မွန်၊ ရခိုင်၊ သျှမ်းနှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား ယနေ့နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ပြည်ထောင်စုနယ်မြေနေပြည်တော် အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက လာရောက်တွေ့ဆုံမှုကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်သည် တိုင်းရင်းသားများ၏ စကား၊ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ပေးခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးအချက်သည် ငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေ၊ ဘာသာစကားနှင့်ယဉ်ကျေးမှုများသည် နိုင်ငံတော်၏ အမွေအနှစ်များဖြစ်ရာ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် မျိုးဆက်သစ်များအတွက် အမျိုးသားရေးစိတ်ဓာတ်ကို လက်ဆင့်ကမ်းပေးခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် စာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးတင်ပြပေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းသည်  ရေရှည်ဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ရာ အားလုံး အတူတကွလက်တွဲပြီး တိုင်းရင်းသားများအတွက် ရှေးရှု၍ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ မှတ်ပုံတင်ရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားစာပေ ဖော်ထုတ်ရေးကိစ္စရပ်များ၊ တိုင်းရင်းသားဘာသာစာပေသင် (TA/LT) ဆရာ၊ ဆရာမများ ခန့်ထားရေးဆိုင်ရာကိစ္စရပ်များ၊ သက်မွေးပညာသင်တန်းများတက်ရောက်နိုင်ရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးပါသည်။

၎င်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဖွဲ့ (၁၀)ဖွဲ့အား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ထောက်ပံ့ငွေ နှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။