ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်
- နေပြည်တော်
- 15 July 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ရုံးပရဝုဏ်အတွင်း၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေခြင်း၊ သစ်တောဖုံးလွှမ်းမှုတိုးတက်မြင့်မားလာစေခြင်း၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကောင်းမွန်မျှတစေခြင်း၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ခြင်းနှင့် အပူဒဏ်ကို အကာအကွယ်ဖြစ်စေခြင်းအပြင် ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးသော အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်အနားများကို မိုးရာသီအစတွင် နိုင်ငံနှင့် အဝန်း နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် အကြီးအကဲကိုယ်တိုင် တက်ရောက်၍ သစ်ပင်များစိုက်ပျိုးပေးခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ယနေ့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဝန်ကြီးဌာန၏ ပရဝုဏ်အတွင်း စိုက်ပျိုးသွားမည်ဖြစ်ပြီး ဝန်ထမ်းများ အနေဖြင့် သစ်ပင်စိုက်ပျိုးခြင်း အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး အပင်များ ရှင်သန်နိုင်စေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ခရေပင် အပင်(၁၀၀)ကို ဝန်ကြီးဌာန ရုံးပရဝုဏ်အတွင်း ဦးဆောင်စိုက်ပျိုးပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက သစ်ပင်ပျိုးပင်များ စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။