တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် အိမ်သုံးဆိုလာများ လွှဲပြောင်းထောက်ပံ့ပေးခြင်း အခမ်းအနားသို့တက်ရောက်
- ရှမ်းပြည်နယ်
- 13 July 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် မဲခေါင်-ဂင်္ဂါပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်၊ အိန္ဒိယနိုင်ငံ၏အထောက်အပံ့ Quick Impact Project အရ ရှမ်းပြည်နယ်၊ အင်းလေးဒေသ၊ ငလျင်ဒဏ်သင့် ကျေးစားကုန်း(မြောက်)ကျေးရွာရှိ အိမ်ထောင်စု (၅၀)အား အိမ်သုံးဆိုလာများ လွှဲပြောင်းထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာအာဘေးထာကူးနှင့် တာဝန်ရှိသူများ ဖိတ်ကြားထားသူများနှင့် အိမ်သုံးဆိုလာ လွှဲပြောင်းထောက်ပံ့ပေးမည့် ဒေသခံတိုင်းရင်းသား/သူများ တက်ရောက်ကြ ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ မန္တလေး ငလျင်ကြီးကြောင့် တိုင်းဒေသကြီး/ ပြည်နယ်(၁၀)ခုမှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ကြရပြီး ရှမ်းပြည်နယ်၊ အင်းလေးဒေသသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ငလျင် ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက် ရှိရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ လူမှုဘဝများ ပြန်လည်ထူထောင်ရာတွင် တစ်ဖက်တစ်လှမ်းက အထောက်အကူဖြစ်စေဖို့အတွက် မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်၊ အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ Quick Impact Project ဖြင့် ရှမ်းပြည်နယ်၊ အင်းလေးဒေသ၊ မင်းချောင်းကျေးရွာအုပ်စု၊ ကျေးစားကုန်း(မြောက်)ရွာမှ ငလျင်ဒဏ်သင့် အိမ်ထောင်စု (၅၀) ကို အိမ်သုံးဆိုလာများ ထောက်ပံ့ပေးနိုင်ရေး ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုလို ပူးပေါင်းဆောင်ရွက်မှုသည် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးနှင့် မိတ်ဖက်ဆက်ဆံရေး ခိုင်မာမှု တို့ကို ထင်ဟပ်ပြသည့်ဖြစ်စဉ်ဖြစ်သည့်အပြင် အပြန်အလှန် နားလည်ယုံကြည်မှု တိုးတက် လာစေပြီး အရေးပါသည့် လက်တွေ့ဆောင်ရွက်ချက်လည်း ဖြစ်ပါကြောင်း၊ ယနေ့ထောက်ပံ့ ပေးအပ်သည့် အိမ်သုံးဆိုလာများသည် စွမ်းအင်အသုံးပြုမှုကို အားပေးမြှင့်တင်နိုင်မည့်အပြင် လျှပ်စစ်ဓါတ်အားရရှိမှု အခက်အခဲကျန်ရှိနေသေးသည့် ဒေသခံများအတွက် များစွာ အသုံးဝင်မှာဖြစ်ပါကြောင်း၊ စွမ်းအင်ရရှိမှုတိုးတက်လာသည့်အတွက်ကြောင့် ဒေသခံ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဘဝဆိုင်ရာ အခွင့်အလမ်း များလည်း ပိုမိုတိုးတက်လာ နိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောကြားရာတွင် ယနေ့ မိမိတို့ ရှမ်းပြည်နယ် အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် တိုင်းရင်းသားပြည်သူများ အတွက် အိမ်သုံးဆိုလာများထောက်ပံ့ပေးခြင်းသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ လွန်စွာထိရောက်သည့်လုပ်ငန်းများဖြစ်ပြီး ဒေသခံများအနေဖြင့် အသုံးချတတ်မည်ဆိုပါက လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း၊ ယခုကဲ့သို့ ထိရောက်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသည့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများအားလုံးကို ဒေသခံပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက အမှာစကားပြောကြား ရာတွင် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု (Mekong Ganga Cooperation) အောက်တွင် မြန်ဆန်စွာအကျိုးသက်ရောက်သော စီမံကိန်းများ (QIP) အတွက် အခြေခံသဘောတူညီချက် (Umbrella Agreement) ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ယခုအခါ သက်တမ်းကို နောက်ထပ် ၅ နှစ် ထပ်တိုးထားပြီးဖြစ်လို့ ၂၀၃၀ ပြည့်နှစ်အထိ အကျိုး သက်ရောက်မည်ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းသည် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပထမဆုံး လွှဲပြောင်းပေးအပ်နိုင်ခဲ့သည့် စီမံကိန်းများထဲက တစ်ခုဖြစ်သလို၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စီမံကိန်းလည်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီဖြင့် ပထမဆုံး အကောင်အထည်ဖော်သည့် စီမံကိန်းလည်း ဖြစ်သည့်အတွက်ကြောင့် အလွန်ထူးခြားသည့် မှတ်တိုင်တစ်ခုပင်ဖြစ်ပါကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဆက်လက်ကူညီပံ့ပိုးပေးသွားဖို့ သန္နိဋ္ဌာန်ချမှတ်ထား ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က ကျေးစားကုန်းကျေးရွာရှိ အိမ်ထောင်စု (၅၀) ကို အိမ်သုံးဆိုလာများ ပေးအပ်ထောက်ပံ့ပြီး အထောက်အပံ့ရရှိသော ဒေသခံ အင်းသားတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြား ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အခမ်းအနားတက်ရောက် လာသူများအား အမှတ်တရအထိမ်းအမှတ်တံဆိပ်များပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြပါသည်။နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့တို့သည် အင်းလေးဒေသရှိ ကျေးစားကုန်း ကျေးရွာသို့ စက်လှေများဖြင့် ဆိုလာတပ်ဆင်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရပါသည်။