တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် သက်မွေးပညာသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်
- ရှမ်းပြည်နယ်
- 14 July 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ဖွင့်လှစ်သည့် သက်မွေးပညာသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသား သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ လူမှုစီးပွားဘဝမြင့်မား တိုးတက်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစတင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဒေသနှင့်ကိုက်ညီသည့် ရပ်ရွာအခြေပြု အသက် မွေးဝမ်းကျောင်း ပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာကို ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ် ရန်ပုံငွေတို့ဖြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချ ပေးလျက်ရှိပြီး သင်တန်းတက်ရောက် ပြီးမြောက်သွားသည့်လူငယ်များလည်း ၎င်းတို့ဒေသ များအသီးသီးတွင် အကျိုးရှိစွာ ပြန်လည်အသုံးချလျက်ရှိသည်ကို မြင်တွေ့ရပါကြောင်း၊ ယခုဖွင့်လှစ်သင်ကြားပေးခဲ့သည့် တိုင်းရင်းသားရိုးရာ စက်ချုပ်သင်တန်းသည် မိမိတို့၏ အဖိုးတန်ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရုံသာမက ထိုယဉ်ကျေးမှုများကို စီးပွားရေးအခွင့်အလမ်းများနှင့် ချိတ်ဆက်အသုံးချနိုင်ပါကြောင်း၊ အလားတူ မော်တော် ဆိုင်ကယ်စက်ပြင်သင်တန်းသည်လည်း ယနေ့ခတ် လူနေမှုဘဝတွင် လိုအပ်ချက်မြင့်မား လာသည့် နည်းပညာပေးသင်တန်းဖြစ်ပြီး သင်တန်းပြီးမြောက်ပြီးသည့်နောက် လက်တွေ့ အသုံးချနိုင်သော အလုပ်အကိုင်အခွင့်အလမ်းသင်တန်းတစ်ခုဖြစ်ပါကြောင်း၊ မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းနှင့်လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်း များမှ သင်ကြားပေးသည့် ပညာရပ်များသည်လည်း လက်တွေ့အသုံးချမည်ဆိုလျှင် သင်တန်းသား/ သင်တန်းသူများ၏ ဝင်ငွေတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် သင်တန်းအမျိုးအစား ဖြစ်ပါကြောင်း၊ သင်တန်းကရရှိသည့် ပညာရပ်များကို လက်တွေ့ အသုံးချနိုင်အောင် ကြိုးပမ်းကြဖို့လည်း တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့ပါ သည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် ထောက်ပံ့ ပစ္စည်းများကိုလည်းကောင်း၊ သင်တန်းဆရာ/ဆရာမများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ပြီး သင်တန်းသား/ သင်တန်း သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် သင်တန်း သား/သင်တန်းသူများက သင်တန်းကာလအတွင်း ချုပ်လုပ်ခဲ့သည့် ရိုးရာအဝတ်အထည်များ၊ မုန့်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။