ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

30 JAN

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန Al နည်းပညာ အခြေခံ လုပ်ငန်းခွင်အသုံးချမှု သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက် နေပြည်တော် ဇန်နဝါရီလ ၃၀

  • နေပြည်တော်
  • 30 January 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန AI နည်းပညာအခြေခံ လုပ်ငန်းခွင်အသုံးချမှု သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။

ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် AI နည်းပညာအခြေခံ လုပ်ငန်းခွင် အသုံးချမှုသင်တန်း သည် ဝန်ထမ်းများ နေ့စဉ်အသုံးပြုနေသည့် Smart Phone၊ Computer တို့တွင် အင်တာနက်မှ အချက်အလက်များ ရှာဖွေဖတ်ရှုခြင်း၊ အွန်လိုင်းမှဈေးဝယ်ခြင်း၊ အပန်းဖြေခြင်းနှင့် မိမိတို့၏ နေ့စဉ်နေထိုင်မှုဘဝကို များစွာအထောက်အကူ ဖြစ်စေနိုင်ပါကြောင်း၊ တိုးတက်ပြောင်းလဲနေသော နည်းပညာများနှင့်အတူ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အရည်အချင်း အရည်အသွေးများကို အမြဲမပြတ်မြှင့်တင်နေကြရမည်ဖြစ်ပါကြောင်း၊  သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် အသိပညာဗဟုသုတများကို မိမိတို့၏ နေ့စဉ် လုပ်ငန်းတာဝန်များတွင် အကျိုးရှိထိရောက်စွာ အသုံးချကြရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများ အနေနှင့် AI နည်းပညာကို အသုံးပြုသည့်အချိန်၌  နည်းပညာကို အပြည့်အဝ ယုံကြည် အားထား ခြင်းအပြင် လူသားများ၏ စဉ်းစားဆုံးဖြတ်နိုင်စွမ်း၊ တာဝန်ယူမှုနှင့် ကျင့်ဝတ်တို့ကို အခြေခံအနေဖြင့် သိရှိလိုက်နာကြရန်နှင့် နိုင်ငံတော်၏လျှို့ဝှက်ချက်၊ ဌာန၏လျှို့ဝှက်ချက်၊ သတင်းအချက်အလက် နှင့်ဒေတာလုံခြုံရေးကို အထူးဂရုပြု ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း၊ နည်းပညာ ဆိုသည်မှာ အမြဲတမ်း တိုးတက်ပြောင်းလဲနေသဖြင့် ယနေ့ရရှိထားသော အသိပညာများဖြင့်သာ ရပ်တန့်မနေဘဲ ဆက်လက် လေ့လာသင်ယူမှုများ  ဆောင်ရွက်ကြရန်  တိုက်တွန်းလိုပါကြောင်း၊ အမျိုးသား ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာများ၊ သင်တန်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ပါဝင်ဆောင်ရွက်ကြသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် သင်တန်းမှရရှိခဲ့သော အသိပညာများကို အခြေခံကာ မိမိတို့၏ လုပ်ငန်းခွင်များတွင် နည်းပညာကို အကျိုးရှိရှိ အသုံးချနိုင်ကြပြီး ဌာန၏စွမ်းဆောင်ရည်မြင့်မားရေးနှင့် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်အင်အားဖြည့်ပေးနိုင်ကြရန် တိုက်တွန်းပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူ တစ်ဦးအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ပါသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသား(၁)ဦးက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။