တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်ပြည်နယ်မှ တိုက်ပွဲရှောင်ရန်ရောက်ရှိနေသည့် သက်တိုင်းရင်းသားလူမျိုးများနှင့်တွေ့ဆုံ၊ (၃၉)ကြိမ်မြောက် ဂုဏဝိသိဌပူဇာမင်္ဂလာပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
- ရန်ကုန်တိုင်းဒေသကြီး
- 15 February 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အစည်းအဝေး ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ရခိုင်ပြည်နယ်မှ တိုက်ပွဲရှောင်ရန်ရောက်ရှိနေသည့် သက်တိုင်းရင်းသားလူမျိုးများနှင့် တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက သက်တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ သက်ဆိုင်ရာက ထုတ်ပြန် ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ သွားလာနေထိုင်ကြရန်၊ နိုင်ငံတော်မှ ဆောင်ရွက်လျှက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်၊ သက်တိုင်းရင်းသားတွေ့ဆုံပွဲများ၊ နှီးနှောဖလှယ်ပွဲများ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် သက်တိုင်းရင်းသားလူမျိုးများက စာပေယဉ်ကျေးမှုကိစ္စရပ်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအားတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါ သည်။ ထို့နောက် ဒုတိယဝန်ကြီးက သက်တိုင်းရင်းသားလူမျိုး အိမ်ထောင်စု (၁၂၈)စုအား အိမ်ထောင်စု (၁)စုလျှင် (၅၀၀၀၀ိ/)ကျပ်နှုန်းဖြင့် စုစုပေါင်း (၆၄)သိန်း၊ ဇောတိကာရုံ ဘုန်းကြီး ကျောင်းအတွက် နဝကမ္မအလှူငွေ(၆)သိန်း စုစုပေါင်း(၇၀)သိန်းကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ သက်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေတိဂုံဘုရားအလယ်ပစ္စယံ အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့(ရန်ကုန်)က (၅.၃.၂၀၂၆) ရက်နေ့တွင် ဦးဆောင်ကျင်းပပြုလုပ်မည့် (၃၉)ကြိမ်မြောက် ဂုဏဝိသိဌပူဇာမင်္ဂလာပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့(ရန်ကုန်) ရခိုင်ပြည်နယ်မှ မြို့နယ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံအမှာစကား ပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။