ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

28 JAN

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန AI နည်းပညာအခြေခံ လုပ်ငန်းခွင်အသုံးချမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

  • နေပြည်တော်
  • 28 January 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန AI နည်းပညာအခြေခံ လုပ်ငန်းခွင်အသုံးချမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသား ဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်နှင့် အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။

              ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့(၂၁)ရာစု နည်းပညာခေတ်တွင် သတင်းအချက်အလက် နည်းပညာများမှာ ဒီဂျစ်တယ်ပလက်ဖောင်းအသွင် အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်လျက်ရှိသကဲ့သို့ အဆိုပါ ပလက်ဖောင်းတွင် Artificial Intelligent(AI) နည်းပညာမှာလည်း လူသားများ၏ နေ့စဉ်ဘဝလုပ်ငန်းများတွင် မရှိမဖြစ် နည်းပညာတစ်ခုအဖြစ် နေရာယူလာပါကြောင်း၊ နိုင်ငံတကာတွင် လူ့စွမ်းအား၊ စက်မှုစွမ်းအားများ လျော့ချပြီး AI နည်းပညာနှင့်အစားထိုး၍ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် စက်မှုလက်မှု ကဏ္ဍတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည့်အပြင် လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာကဏ္ဍ များတွင်လည်း အသုံးပြုလာသည်ကို တွေ့ရပါကြောင်း ၊ ဝန်ထမ်းများအနေဖြင့် တိုးတက်ပြောင်းလဲ လာသော AI နည်းပညာများကို လေ့လာသင်ယူပြီး ရုံးလုပ်ငန်းခွင်နှင့် မိမိတို့၏နေ့စဉ်ဘဝများတွင် လက်တွေ့ ပြန်လည်အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်း/ ဝန်ကြီးဌာန အသီးသီး၏ လုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားဉာဏ်ရည်တု နည်းပညာအခြေပြု စီမံကိန်းများရေးဆွဲ၍ “အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ” ဖွဲ့စည်းပြီး AI ကို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတွင် အကျိုးရှိစွာ အသုံးချနိုင်ရေး၊ နိုင်ငံသားများလိုက်နာရမည့် ကျင့်ဝတ်များ၊ စံနှုန်းများ၊ စည်းမျဉ်းများကို သိရှိနိုင်ရေး၊ ဒေသတွင်း ဉာဏ်ရည်တု နည်းပညာဆိုင်ရာ ကျွမ်းကျင်သော လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး၊ နိုင်ငံတကာနှင့်ချိတ်ဆက်၍ စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့အတွက် အမျိုးသားအဆင့် ဉာဏ်ရည်တု နည်းပညာဆိုင်ရာမဟာဗျူဟာနှင့် မူဝါဒတို့ကို ရေးဆွဲလျက်ရှိပါကြောင်း၊ AI နည်းပညာကို အသုံးပြုချိတ်ဆက်ပြီး e-Government ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရေး၊ မိမိဌာနနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစဉ်ရှေ့ရှု၍ တိုးတက်ပြောင်းလဲနေသည့် ICT နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးကာ မျှော်မှန်းထားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားပါသည်။

              ဆက်လက်၍ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်က မိတ်ဆက်စကားပြောကြားပါသည်။

              ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။