တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ICJ, ICC အပြည်ပြည်ဆိုင်ရာတရားရုံးများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း
- နေပြည်တော်
- 19 January 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့ နံနက် ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ ပါသည်။
ပထမဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများသည် သစ္စာ အဓိဌာန် (၆)ချက်ပါ “ကျွန်ုပ်တို့သည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်” ဟူသော အချက်နှင့်အညီ နိုင်ငံတော်အပေါ် ကျေးဇူသစ္စာစောင့်သိရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန်များနှင့်အညီ ပြုမူနေထိုင်၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice- ICJ) နှင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (International Criminal Court- ICC)များ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ တရားသူကြီးများရွေးချယ်ခန့်ထားမှုနှင့် သက်တမ်းများ၊ အဆိုပါ တရားရုံးများ၏ တရားစီရင်ရေး လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်၊ စွဲဆိုနိုင်သော အမှုကိစ္စများ၊ စီရင်ချက်များနှင့် လိုက်နာဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ICJ နှင့် ICC အပြည်ပြည်ဆိုင်ရာတရားရုံးများတွင် မြန်မာနိုင်ငံအပေါ် စွဲဆိုထားသော အမှုများ၊ အခြေအနေများနှင့် ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်သီတာဦးနှင့် နိုင်ငံတကာမှ ငှားရမ်းထားသော Agent of Myanmar အဖွဲ့တို့က ဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်းပြောကြားပါသည်။