ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

23 JAN

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ(တောင်ငူ) စီမံကိန်း တည်ဆောက်မည့်မြေနေရာတွင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း

  • ပဲခူးတိုင်းဒေသကြီး
  • 23 January 2026

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ‌ဆောင်ရွက်မည့် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ (တောင်ငူ) စီမံကိန်း တည်ဆောက်မည့်မြေနေရာသို့ ၂၃-၁-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ (တောင်ငူ) စီမံကိန်းမြေနေရာတွင် ဆောက်လုပ်မည့်အဆောက်အဦ နေရာချထားမှု အခြေအနေများ၊ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြင်ဆင်ထုတ်ပြန်ခဲ့သော Myanmar National Building Code (MNBC)  2025 Code Rule နှင့်အညီ အဆောက်အဦများဆောက်လုပ်နိုင်ရန် Soil Test စမ်းသပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ မြေလွှာအခြေအနေများကို သိရှိနိုင်ရန် Geophysical Survey လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုနှင့် တာဝန်ရှိသူများ၊  Soil Test စမ်းသပ်ခြင်းလုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသော Myanmar Geotechnical Survey Group Co., Ltd မှ တာဝန်ရှိသူများက စီမံကိန်းမြေနေရာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံးမှ ဝန်ထမ်းများအား ဒုတိယဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားခဲ့ရာတွင် နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန်၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရှေးရှုဆောင်ရွက်ကြရန်နှင့် စီမံကိန်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။