ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ “ကွန်ပျူတာ သင်တန်းဖွင့်ပွဲ အခမ်းအနား”ကို (၁၈-၃-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူး မြို့နယ်၊ ဘောလုံးကွင်းကျေးရွာ၊ ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တွံ့တေးခရိုင်၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက ဝန်ကြီးဌာန အကြောင်း မိတ်ဆက်ပြောကြားခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခြင်း၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ရှင်းလင်းပြောကြားခြင်းနှင့် ရပ်မိရပ်ဖ တစ်ဦးတို့က ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
အဆိုပါကွန်ပျူတာသင်တန်းကို (၁၈-၃-၂၀၂၅) ရက်နေ့မှ (၁၁-၄-၂၀၂၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား(၅) ဦး၊ သင်တန်းသူ(၁၈) ဦး စုစုပေါင်း (၂၃) ဦးတို့က တက်ရောက်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။